RSS

Sunday 20 March 2011

အသက်ဝင်လာသော မြန်မာကဗျာလေး(၈)- (လယ်တောက အပြန်)













အသက်ဝင်လာသော ကဗျာလေးတွေအကြောင်း ပြောရင် ချန်ထား၍မရသော ကျေးလက်ဓလေ့ကဗျာလေးတပုဒ်ရှိနေသေးသည်..။ထိုကဗျာလေးကတော့ ၁၉၄၁ခုနှစ်ထုတ် သပြေညိုနှင့် အခြားကဗျာများစာအုပ်မှ ဆရာကြီးမင်းသုဝဏ်၏ လက်ရာလေးဖြစ်တဲ့ နှင်းဆီပွင့် ကဗျာလေးပါ..။
ကဗျာအမည်က “နှင်းဆီပွင့်” ဟူ၍ တွင်သော်ငြားလည်း “လယ်တောကအပြန်” အစချီတဲ့အတွက် ထိုအမည်နှင့်ပင် လူသိများသည့်ကဗျာလေးပါ..။ကဗျာလေးက လေးချိုးကဗျာလေးဖြစ်ပြီး ကျေးလက်တောသဘာဝအနောက်ခံရေးစပ်ထားခြင်းဖြစ်သည်..။မူရင်းကဗျာစာသားကတော့ -
နှင်းဆီပွင့်
“လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
တောင်းခူးကာပေး
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင်နှင်းဆီ ပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။”


မင်းသုဝဏ်

ဤကဗျာလေးထဲတွင် ချစ်သူပန်ဆင်ဖို့ ခရေဖူးလေးတွေ ပင်ယံထက်တက်ခူးပြီး လက်ဆောင်ပေးဖို့ အလာမှာ ချစ်သူဆံနွယ်စပေါ်မှာတော့ နှင်းဆီပွင့်လေးက ရှေ့ဦးနေရာယူတွယ်ခိုနေတာမြင်ရသည်..။သို့သော်ငြားလည်း ချစ်တဲ့စိတ်နှင့် အပြစ်မမြင်ဘဲ ချစ်သူနှင့် နှင်းဆီ ပနံရ ဂုဏ်ရောင်တင့်တယ်လိုက်ဖက်လှသည်ဟု တွေးဆ သည့်ဟန်လေးကို ရေးဖွဲ့ထားသည်…။

ဤကဗျာနဲ့ ပတ်သက်ပြီး ဟိုမရောက်ဒီမရောက် ကလောင်ရှင်တို့က “ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး” ဆိုတာ ကာရန်ငဲ့လိုက်လို့ ယုတ္တိကင်းပါတယ်လို့ ဝေဖန်အပြစ်ဖွဲ့ကြသေးသည်..။ ခရေဆိုတာ ခူးရတာမှ မဟုတ်တာ။ ကောက်ရတာကို လို့ အောက်ချင်းရင်အောက် ဥကပေါက်သလို အထွန့်တက်ပါသတဲ့။ ဆရာကြီးမင်းသုဝဏ်က ဘာတခွန်းမှ ခွန်းတုန့်မပြန်ခဲ့ပါဘူး။ နောင်အလျဉ်းသင့်လို့ မေးတဲ့အခါမှ လိပ်ပတ်လည်အောင် ရှင်းပြခဲ့သည်မှာ ခရေပန်းဆိုတာ ကောက်ရတာကတော့ ကလေးကအစလို့သိသားပေါ့။ တောအရပ်မှာတော့ အမြတ်တနိုး ချစ်သူကိုပေးဖို့ ဘုရားတင်ဖို့ ခရေပန်းများကို မြေမှာ ကြွေကျပြီးသားတွေ ကောက်လေ့မရှိပါဘူး။ အပင်ပေါ်က အဖူးကလေးများခူးလို့ ဖက်စိမ်းကလေးပေါ်မှာ လက်ကိုင်ပုဝါကလေး ရေဆွတ်ပြီး တညသိပ်ထားရင် မနက်လင်းတဲ့အခါ မြေမခတဲ့ အမှိုက်သရိုက် ကင်းစင်တဲ့ ခရေပွင့် ဖွေးဖွေလွလွလေးတွေရပါသတဲ့။ ဒါကြောင့်မို့ ခရေဖူးကို မောင်ခူးကာပေးတာကိုး။ မသိရင် မတတ်ရင် မရွှီးတာကောင်းသပေါ့နော်။ သင်ခန်းစာယူမိပုံများ ပြောပါတယ်။ ဘာပဲပြောပြော တောသဘ၀အလှတရားနှင့် အပြစ်ကင်းတဲ့ချစ်ခြင်းတရားသဘောလေးပါတဲ့ ဤကဗျာလေးကတော့ ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲပါ..။
မှတ်မိသေးသည်..။ ဆရာကြီးသော်တာဆွေက ဤကဗျာလေးကိုမှီး၍ -
"ထန်းတောကအပြန်
အန်ချင်တယ် ထန်းရေဗူးလွယ်လို့
မောင်မူးတယ်လေ
မနက်ခင်းဆီက ချက်ပုလင်းကိုမောင်မြင်တော့
ဝက်နံနဲ့ဘဲကင်ကြီးရယ်နဲ့
မြည်းလိုက်ချင်သေး"
ဟူ၍ ဟာသနှောပြီး သောခဲ့သေးသည်..။ ဆက်စပ်တွေးတောရင်းက ကဗျာလေးကို အသက်သွင်းကြရာဝယ် မူရင်းကဗျာစာသားလေးတွေကို မပျောက်ပျက်တည်နေအောင်လည်း ထိန်းရသေးသည်လေ..။
ဤကဗျာလေးကို ပိုပြီး အသက်ဝင်စေပြီး အမှတ်တရဖြစ်စေခဲ့သည်က ရုပ်ရှင်သရုပ်ဆောင် ">သုမောင် ပင်ဖြစ်သည်..။ သုမောင်ကို ရုပ်ရှင်မင်းသားဘ၀ကနေ အဆိုတော်အဖြစ်ပါ တနိုင်ငံလုံး နှစ်ခြိုက်သွားခဲ့တာ “နှောင်းတမြေ့မြေ့” ဇာတ်ကားထဲမှာ သူ ဆိုခဲ့တဲ့ လယ်တောကပြန် အစချီ ပန်ဦးပန်မယ့်သူ ဇာတ်ဝင်တေးကလေးက စ ပါတယ်။ မြိုင်ထအသွားကလေးကို ဆရာကြီးမင်းသုဝဏ် ရဲ့ ကဗျာကလေးနဲ့ ဆက်ထားတာ အင်မတန်လှပါပေသည်။ သီချင်းအစက တက္ကသိုလ်မှာ မလေး နှင့် စိုး တို့ လူငယ်ဘာဝ ချစ်ရည်မျှစဉ် ဇာတ်ဝင်ခန်းမှာ ပန်းခြံထဲတူတူပုန်းကစားကြတဲ့ ပုံကလေးနဲ့ စပါတယ်။ ရေစပ်က ခြုံကလေးနောက်မှာ အသာလေးထိုင်လို့ ပုန်းနေတဲ့ ခင်လေးကို စိုးနိုင်က နောက်ကမသိအောင်လာပြီး ခြောက်လှန့်လိုက်တော့ လန့်သွားတာကို ကြည်လင်နေတဲ့ ကန်ရေပြင်ထဲကနေ မြင်ရတဲ့ အရိပ်နဲ့ပဲ ပြသွားပါတယ်။ ငယ်ရွယ်သူတို့အချစ်ဟာ တည်ငြိမ်တဲ့ ကန်ရေပြင်လို လှိုင်းလေမရှိပဲ အေးချမ်းတာကို ပြချင်ဟန်တူပါရဲ့။ မြန်မာပရိသတ်ကတော့ ဘယ့်နှယ် ဇောက်ထိုးကြီးပြနေတာလဲ။ ဖလင်တွေ ပြောင်းပြန်ထိုးမိနေပြီလို့ ထင်ကြတာပေါ့။ အဲဒီကားမှာ ကိုသုမောင်ကို အကယ်ဒမီရရောကိုမှတ်တာ။ ဒီသီချင်းကတော့ ပရိသတ်ပါးစပ်ဖျားမှာ တခါတည်းစွဲသွားတော့တာ။ ဘာပဲပြောပြော ကဗျာလေးကို အသက်သွင်းရင်း ဆက်စပ်သီဆိုထားတဲ့ သီချင်းလေးကို နားဆင်ကြားယောင်မိတိုင်း ဤနှင်းဆီပွင့်(လယ်တောကအပြန်) ကဗျာလေးနှင့် သုမောင်ဆိုတာက ကဗျာချစ်သူ ရင်ထဲမှာ အမြဲအမှတ်ရရှင်သန်နေဦးမည်မှာ မလွှဲဧကန်ပင်ဖြစ်သည်..။

တောသဘာဝအလှ ၊ တောသူတောင်သားတွေရဲ့ အပြစ်ကင်းရိုးသားသော စရိုက်နှင့် ခရေပန်းခူးတဲ့ပုံရိပ်လေးတွေ လှစ်ဟပြနေသော ဤကဗျာလေးကို ထာဝရရှင်သန်စေရန်အလို့ငှာ- ကဗျာအသက်ဝင်နေတဲ့ ဆက်စပ်သီချင်းလေးကို ပို့စ်အောက်တွင်ဖော်ပြပေးလိုက်ပါသည်..။
“လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး။ မနက်တုန်းဆီက ကျော့ဆုံးကို မောင်မြင်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ဟိုနံသာနီတောမှာလ မောပြီလား ခင်ရယ်။ ခိုင်ပန်းစုံခြယ် ပျိုခင်မယ် အယဉ်ကြိုက်တာဖြင့် ဆင်လိုက်မယ်လေး .. ဆင်လိုက်မယ်လေး။ (လာပါမေပုလဲ တွဲမည့်သူပျိုဖြူ အပျို့စန္ဒကူး ပန်းဦးပန်မယ့်သူ) ၂ ။ (ကြည်ကြည်ဖြူဖြူ ဖုန်းလေးမောင့်သည်းအူ)၂။ (ချော့မြှူကာ ကစား မောင်ကစားမယ် နော့အမူအယာ တပါး ခင်တပါးသယ် ချော့မြှူကာ ကစားမယ် မောင်ကစားမယ်) ၂ ။ (တပါးသက်လယ် ထကွယ် နှမရယ် မောင်ထမ်းခေါ်မယ်) ၂ ။ (သူဇာနွယ် မူယာကြွယ်) ၂ ။ ရွှေလိပ်ခြေ ဟန်တမျှငယ်နှင့် ထလိုက်တော်မူပါလေး .. ထလိုက်တော်မူပလေး…။”
မည်သို့ပင်ဆိုစေကာမူ ဤကဗျာလေးသည် ခရေပွင့်လေးများသို့နှယ် နှစ်ကာလကြာကြာအိုဟောင်းသွားပေမယ့်လည်း သူ့ရဲ့ ကောင်းခြင်းဂုဏ် ကြည်နူးဖွယ်ရသရနံ့လေးတွေကတော့ ထာဝရရှင်သန် သင်းပျံ့နေဦးမည်သာ...။

သီချင်းနားထောင်ရန် http://soundcloud.com/user8265829/11-pan-oo-pan-mae-thu

ရွှမ်းသိင်္ဃ(တနင်္သာရီ)
၁၉-၃-၂၀၁၁


မှီငြမ်းချက်-
(၁) ဆရာကြီးမင်းသုဝဏ်၏ သပြေညိုနှင့် အခြားကဗျာများ။
(၂)http://wikimyanmar.co.cc/wiki/index.php?title=%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%A6%E1%80%B8%E1%80%95%E1%80%94%E1%80%B9%E1%80%99%E1%80%9A%E1%80%B9%E1%82%94%E1%80%9E%E1%80%B0_%28%E1%80%9E%E1%80%AE%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%29

0 comments:

Post a Comment